ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၂၉
ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား စာပေဖတ်ရှုသည့် အလေ့အကျင့်တိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ခိုင်မာစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆိုသည့် အလေ့အထရှိလာ စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန် ရည်ရွယ်၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲ၊ ဉာဏ်စမ်း ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ အခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အ.ထ.က(ထန်းတပင်) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ အခမ်းအနားကို မြို့နယ်စီ မံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး အသိပညာပေး ဟောပြောပွဲ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်မြင့်တို့က အဖွင့်အမှာ စကားများ ပြောကြားခဲ့ကာ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး(တာဝန်ပေး) ဒေါ်အေးအေးခိုင်က ဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ နှင့် စာအုပ်စာစောင် ပြပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အသိပညာ ပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူ ကလေးများအား စာရေးဆရာ ဝင်းနွယ်(ပုသိမ်)မှ လွတ်လပ်ရေးနှင့် လူငယ်တို့ တာဝန်ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ဉာဏ်စမ်းအဖြစ် လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် မေးခွန်းများကို ကျောင်းသား၊ ကျောင်းသူများအား မေးမြန်းခဲ့ကြကာ ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများ အသီးသီးပေး အပ်ခဲ့ကြပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များက ပြပွဲတွင် ပြသထားသည့် စာအုပ်များနှင့် နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်