ကုန်စည်စီးဆင်းမှု မြန်ဆန်စေမည့် ဒလမြို့နယ်နှင့် ကော့မှူးမြို့နယ်တို့ ဆက်သွယ်ထားသည့် သခွပ်မြစ်တံတားသစ် တည်ဆောက်မှုပြီးစီး

ဒလ  ဒီဇင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နှင့် ကော့မှူးမြို့နယ်ချင်း ဆက်သွယ်ထားသော ဒလ-သခွပ်-လက်ခုပ်ကုန်း-ကညင်းကုန်းလမ်းမကြီးပေါ်ရှိ သခွပ်မြစ်တံတားသစ်ကို  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့-၃၊ တံတားအထူးအဖွဲ့(၁၁)မှ တာဝန်ယူတည်ဆောက်လျက်ရှိရာ လက်ရှိအချိန်တွင် သခွပ်မြစ်တံတားသစ်မှာ ရာနှုန်းပြည့်ပြီးစီးနေပြီးဖြစ်ကြောင်း တံတားဦးစီးဌာနမှ သိရသည်။

သခွပ်မြစ်တံတားသည် ဒလ-သခွပ်-လက်ခုပ်ကုန်း-ကညင်းကုန်းလမ်းမကြီးပေါ်တွင် တည်ရှိသော လမ်းပိုင်း ဖြစ်ပြီး နေ့စဉ် မော်တော်ယာဉ်များ၊ ကုန်စည်များ သယ်ယူပို့ဆောင်မှု များပြားသော အဓိကလမ်းမကြီး တစ်ခုလည်း ဖြစ်သည်။ ယခင်က တည်ဆောက်ထားသော တံတားဟောင်းမှာ နှစ်ကာလကြာရှည်မှုနှင့် တံတားကြံ့ခိုင်မှု အားနည်းလာခြင်းကြောင့် အဆိုပါ သခွပ်မြစ် တံတားသစ် စီမံကိန်းလုပ်ငန်းများကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် စတင်၍ အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

သခွပ်မြစ်တံတားသစ်မှာ အရှည် ၄၉၅ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် ဝဲယာ တစ်ဖက်လျှင် ၃ ပေ ၆ လက်မ၊ စုစုပေါင်း တံတားအကျယ် ၃၁ ပေရှိပြီး၊ ရေလမ်းကင်းလွတ်အမြင့် ၂ မီတာ၊ ရေလမ်း ကင်းလွတ် အကျယ် ၂၉ ဒသမ ၂၆ မီတာ၊ တံတားအမျိုးအစားမှာ သံကူကွန်ကရစ်+သံမဏိရက်မ(အပေါ်ထည်)ဖြစ်ပြီး၊ တံတားအောက်ထည်မှာ သံကူကွန်ကရစ် အချင်း ၁.၀ မီတာ ဘိုးပိုင်ဖြင့် တည်ဆောက်လျက်ရှိရာ တံတား စီမံကိန်း တန်ဖိုး စုစုပေါင်းငွေကျပ် ၂၅၀၃ သန်း ကုန်ကျကြောင်း သိရသည်။

ယခုအခါ သခွပ်တံတားသစ်ကြီး တည်ဆောက်မှုမှာ ရာနှုန်းပြည့်ပြီးစီးနေပြီးဖြစ်ပြီး ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ ဒလမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်များသို့ ချိတ်ဆက်သွားလာနိုင်မည်ဖြစ်သလို၊ အများပြည်သူ အားလပ်ရက်ရှည်ကာလများတွင် ပြည်တွင်းခရီးသွားလာမှု အပန်းဖြေ အနားယူနိုင်သော လက်ခုပ်ကုန်း  ဆယ်အိမ်တန်းကမ်းခြေတို့သို့ အလျင်အမြန် သွားလာနိုင်တော့မည်ရာ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်မှုနှင့် အတူ ‌ဒေသခံပြည်သူများ၏ ခရီးသွားလုပ်ငန်းများ၊ ကုန်စည်စီးဆင်းမှု လုပ်ငန်းများ၊ လူမှုစီးပွားဘဝများကို များစွာ အထောက်အကူပြုတော့မည် ဖြစ်ပေသည်။

နိုင်လင်းကျော်