လင်းခေးတွင် “ပန်းခင်း” စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်း စစ်ဆေးထုတ်ပေးခြင်း ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်

လင်းခေး ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် “ပန်းခင်း” စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း စစ်ဆေးထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ် ပေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီအချိန်က လင်းခေးမြို့နယ်၊ ဒါးဆိပ်‌ကျေးရွာအုပ်စု၊ ဒါးဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း စုရပ်တွင် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

ယင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် မြို့နယ်ဦးစီးမှူး ဦးထွန်းလှကျော်က “ပန်းခင်း” စီမံချက်ဆိုင်ရာ အကြောင်းသိကောင်းစရာများကို ကျေးရွာအုပ်စုနေ ပြည်သူများအား အသိ ပညာပေး ဟောပြောပေးခြင်း၊ စီမံချက်လုပ်ငန်း လက်ကမ်းစာစောင်များအား ကျေးရွာအုပ်စုရှိ ပြည်သူလူထုတို့ လက်ဝယ်အရောက် ဖြန့်ဝေပေးခြင်းနှင့် ကျေးရွာအုပ်စုအတွင်းရှိ အသက် ၁၈ နှစ် အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး (Onestop Service) ဖြင့် ပြည်သူ(၅၄)ဦးတို့ကို နိုင်ငံသားကတ်ပြား ဆောင်ရွက်ပေးခဲ့ပြီး၊ အိမ်ထောင်စုလူဦးရေစာရင်းများ စစ်ဆေးပေးခြင်းနှင့် အသစ်ထုတ်ပေးခြင်းကိုလည်း ဆောင်ပေး ခဲ့ကြသည်။

ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက တက်ရောက်၍ အဆိုပါကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို ကျေးရွာပြည်သူတို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြ ကြောင်းနှင့် ဆောင်ရွက်ပေးပြီးခဲ့သော နိုင်ငံသားကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်း များမှာ ဒါးဆိပ်ကျေးရွာမှ (၂၃)၊ ပန်ထနောင်းကျေးရွာမှ (၃၁)ဦးတို့ဖြစ်ပါကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးထွန်းလှကျော်ထံမှ သိရသည်။

စိုင်းဇော်လတ်(လင်းခေး)