သပိတ်ကျင်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

သပိတ်ကျင်း   ဒီဇင်ဘာ  ၂၉   

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က သပိတ်ကျင်းမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို သပိတ်ကျင်းမြို့ အခြေခံပညာ အထက် တန်းကျောင်းတွင် ပညာသင်ကြားနေသော အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား/သူများကို မမေ့အပ်စရာ လွတ်လပ်ရေးနေ့အစဉ်အလာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့် ကျောင်းသား/သူများကို လွတ်လပ်ရေးနေ့တို့မမေ့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသား(၉)ဦး၊ ကျောင်းသူ (၁၉) စုစုပေါင်း(၂၈)ဦးတို့မှ ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင်  အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများအား ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ပြီး၊ ကျပန်းစကားပြောပြိုင်ပွဲဆုရရှိသူများနှင့် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသူ များကိုလည်း အဆိုပါနေ့တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုးနိုင်ဝင်း(သပိတ်ကျင်း)