မြစ်ကြီးနား ဒီဇင်ဘာ ၂၉
၂၀၂၁ ခုနှစ် ကချင်ပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကဖလား ခရိုင် ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန မိုးလုံလေလုံအားကစားခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ တက်ရောက်အားပေးကြသည်။
အဆိုပါပြိုင်ပွဲကို တိုင်းဒေသကြီး/ ပြည်နယ် အေရိုးဗစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အတွက် ပြည်နယ်အဆင့် ကြိုတင်ကျင်းပပြုလုပ်ခြင်းဖြစ်ကာ ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ (ဗန်းမော်နှင့် ပူတာအိုခရိုင်တို့မှ ပြိုင်ပွဲဝင်ကစားသမားများက တစ်ဦးချင်း စိတ်ကြိုက် စွမ်းရည်ပြ ယှဉ်ပြိုင် ကစားခြင်းနှင့် အခြေခံစနစ်သစ် ငါးယောက်တွဲနှင့် အဆင့်မြင့် စနစ် သုံးယောက်တွဲ ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ထို့နောက် ဆုရအသင်းများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ရာ တစ်ဦးချင်း ပထမ၊ ဒုတိယ၊ တတိယဆုရသူများအား ပြည်နယ်လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ အဆင့်မြင့်စနစ် သုံးယောက်တွဲ ပထမ၊ ဒုတိယနှင့် တတိယဆုများအား ပြည်နယ်အမျိုးသမီးအားကစား ဆပ်ကော်မတီ နာယကအဖွဲ့ဝင်များက လည်းကောင်း၊ အခြေခံစနစ်သစ် ငါးယောက်တွဲ ပြိုင်ပွဲတွင် ဆုရအသင်းအား ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဥပဒေချုပ် တို့က ဆုတံဆိပ်များနှင့် ဂုဏ်ပြု ဆုငွေများကို လည်းကောင်း ချီးမြှင့်ခဲ့ကြပြီး တံခွန်စိုက်ဒိုင်းဆုရ မြစ်ကြီးနားခရိုင် အသင်းကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုဆုငွေကျပ် သုံးသိန်းကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ မြို့မရပ်ကွက်ရှိ ဆစ်ဘုရားကျောင်း တွင် ဘာသာရေးခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံကာ ခရစ္စမတ်ဂါရဝပြု လက်ဆောင် များ လှူဒါန်းပေးအပ်ခြင်းနှင့် ဆုတောင်း မေတ္တာပို့သပေးမှုများကို ခံယူခဲ့ကြပြီး အလားတူ မင်းရပ် ရပ်ကွက်ရှိ မင်းရပ် ဗဟိုဗလီကြီး၌ လည်းကောင်း၊ ရှမ်းစု မြောက်ရပ်ကွက်ရှိ သီရိရာမဂျက်နကီဟိန္ဒူဘုရားကျောင်း၌လည်းကောင်း၊ ရမ်ပူရပ်ကွက်ရှိ သီရိရာဒကစ္စနားဟိန္ဒူ ဘုရားကျောင်း၌ ဘာသာရေးခေါင်းဆောင်များထံ သွားရောက်တွေ့ဆုံပြီး ခရစ္စမတ်ဂါရဝပြု လက်ဆောင်များ ပေးအပ်လှူဒါန်းကာ ဆုတောင်းမေတ္တာပို့သမှုများကို ခံယူခဲ့ကြသည်။
ပြည်နယ်(ပြန်/ဆက်)