မိုင်းဆတ် ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့သစ်ရပ်ကွက်ရှိ အ.ထ.က(ခွဲ)၊ အ.လ.က(၁) မြတ်ပညာခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၃) မိုင်းဆတ်မှ ဒုတိယရဲမှူးလှဘုန်းက လူကုန်ကူးမှုနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးသူပွဲစားများ စည်းရုံးလေ့ရှိသည့် အလေ့အထများ၊ လူကုန်ကူးမှု ပြစ်မှု၊ ပြစ်ဒဏ်များ၊ Passport အကြောင်း သိကောင်းစရာများ၊ ရွှေ့ပြောင်းသွားလာရာမှ လူကုန်ကူးမှုဖြစ်တတ်သည့် အလေ့အထများကို ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေရန် ဟောပြောခဲ့ပြီး “ပုခက်လွှဲခွင့် မရသောလက်” အသိပညာပေးဗီဒီယိုပြသခဲ့သည်။
ထို့နောက် လူကုန်ကူးမှု အသိပညာပေးလက်ကမ်းစာစောင်(၁၈၀)ကို ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)