ပေါင် ဒီဇင်ဘာ ၂၈
ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် ပေါင်မြို့နယ် ကတိုက်ရေလှောင်တမံဆည်မှ အချိန်မီ ပြည့်ဝစွာ ရေဖြန့်ဝေပေးထားသည့်အတွက် နွေစပါးစိုက်ပျိုးတောင်သူများ အဆင်ပြေလျက် ရှိကြောင်း တောင်သူများထံမှ သိရသည်။
ယခုလို နွေစပါးစိုက်ဧကများအတွက် ဆည်ရေရရှိလာသည်နှင့်တပြိုင်နက် လုပ်ငန်းခွင် စတင် လည်ပတ်နိုင်သောကြောင့် ရာသီဥတုဘေးအန္တရာယ်ကို စိုးရိမ်စရာမလိုဘဲ မြန်မြန် ဆန်ဆန်ဖြင့် နွေစပါးရိတ်သိမ်းနိုင်မည် ဖြစ်တယ်လို့ပေါင်မြို့နယ်မှ နွေစပါး စိုက်ပျိုးတောင်သူ တစ်ဦးက ပြောသည်။
“အခုလို ဆည်ရေမြန်မြန်ရတော့ အဆင်ပြေတာပေါ့၊ ဒီမှာ ကျွန်တော်တို့က အဆင်သင့် ဖြစ်နေအောင် ကြိုတင်ပြင်ဆင်ထားတယ်၊ ရေရတာနဲ့ လုပ်ငန်းစလို့ရအောင်၊ အခု ဆည်ရေ အချိန်မီရတော့ ပိုကောင်းတာပေါ့၊ ခုနောက်ပိုင်း ရာသီဥတုကလည်း သိမ့်မမှန်ဘူး၊ မိုးရွာရင် ရွာတယ်လေ၊ အခုရေစောစော ရတော့အချိန်မီ စပါးရိတ်သိမ်းနိုင်တော့၊ နောက်မိုးစပါးရာသီ အတွက် ကြိုတင်ပြင်ဆင်လို့ရတာပေါ့။ ဒီနှစ်တောင်သူတွေ အရမ်းအဆင် ပြေတယ်။” ဟု ၎င်းကပြောသည်။
နွေစပါးစိုက်ပျိုးမည့်တောင်သူများ ရေအပြည့်အဝရရှိကာ စိုက်ပျိုးနိုင်ရေးနှင့် အကျိုး စီးပွားဖြစ်ထွန်း စေရေးအတွက် ပေါင်မြို့နယ် ကတိုက်ဆည်ရေမှ ယခုနှစ် နွေစပါးစိုက်ဧက (၁၅၀၀၀)ကျော်အား ဒီဇင်ဘာလ(၁)ရက် နေ့မှစတင်ကာ ရေဖြန့်ဝေပေးခဲ့ကြောင်း တည်ဆောက်ရေး(၆) သထုံမြို့ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိက ပြောသည်။
ဒါအပြင် နွေစပါးစိုက်ပျိုးရာတွင် ရေညီညွတ်မျှတစွာ ရရှိရေးနှင့် ကြုံတွေ့လာမည့်အခက်အခဲ လိုအပ်ချက်များ စုပေါင်းဖြေရှင်းနိုင်ရေးအတွက် ရေအသုံးချသူများအဖွဲ့(WUG)ကို တောင်သူများဖြင့် ယမန်နှစ်မှ စတင်ဖွဲ့စည်း ပေးထားပြီး ၎င်းတို့အခက်အခဲများကို သက်ဆိုင်ရာ ဌာနများနှင့် အပြန်အလှန်ဆွေးနွေးခြင်း၊ သတင်းဖလှယ်ခြင်း၊ ပူးပေါင်း ဖြေရှင်းမှုများ ဆောင်ရွက်ခဲ့သည့်အတွက် တစ်နှစ်ထက်တစ်နှစ် ဆည်ရေပေးဝေမှု ပိုမို အဆင်ပြေလာကြောင်း ၎င်းက ဆိုသည်။
ကတိုက်ရေလှောင်တမံသည် ရေလှောင် ပမာဏဧကပေ(၅၅၀၀၀) ကျော်ရှိပြီး အသုံးပြု နိုင်သည့်ရေပမာဏ ဧကပေ(၅၄၀၀၀)ကျော်ရှိရာ မူလတည်ဆောက်စဉ် ဧက(၁၀၀၀၀)ကို နွေစပါးစိုက်ပျိုးရန် ရည်ရွယ်ထားသော်လည်း နွေစပါးသီးနှံဖြစ်ထွန်းမှုနှင့် နှစ်စဉ် နွေစပါး ဧရိယာ တိုးချဲ့စိုက်ပျိုးလာသောကြောင့် ၂၀၁၅ ခုနှစ်မှ စတင်ကာ စိုက်ဧက (၁၅၀၀၀) ကျော်အတွက် ရေပြည့်ဝစွာ ဖြန့်ဖြူးပေးဝေခဲ့ကြောင်း တည်ဆောက်ရေး(၆) သထုံမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။
(ပေါင်ပြန်/ဆက်)