ကျောက်တလုံးကြီး ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုအားကစားပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီမှစတင်၍ ကျင်းပပြုလုပ်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို အားကစားပြိုင်ပွဲကို အခြေခံပညာကျောင်းများတွင် ကျင်းပ ပြုလုပ်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိခြင်း၊ စည်းလုံးညီညွတ်မှုရှိခြင်း၊ ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတတ် စေခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေခြင်း၊ အားကစားစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကစားတတ်ခြင်း စသည့်အကျိုးကျေးဇူးရရှိစေရန် ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲကို အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် အလွတ်တန်းအပြေးပြိုင်ပွဲမီတာ (၁၀၀/၂၀၀)၊ ဘောလုံးပြိုင်ပွဲ၊ ထုတ်ဆီးတိုးပြိုင်ပွဲ၊ မုန်စားပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ အိတ်စွပ်ပြေးပြိုင်ပွဲ၊ သံပရာသီးဇွန်းကိုက်ပြေးပြိုင်ပွဲများကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကစားကြပြီး ဒီဇင်ဘာ(၂၉)ရက်နေ့ တွင် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြုင်ပွဲ ဆက်လက်ကျင်းပဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
မြဝင်း (ကျောက်တလုံးကြီး)