သံဖြူဇရပ် ဒီဇင်ဘာ ၂၈
မွန်ပြည်နယ်တရားလွှတ်တော် သံဖြူဇရပ် မြို့နယ်တရားရုံးမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစတင်ပြီး တစ်နိုင်ငံလုံးရှိ တရားရုံးများတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်မည့် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် National Case Management Program (NCMP) မိတ်ဆက်ရှင်းလင်းပွဲ ကို ယနေ့နံနက် ၉ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥပဒေအရာရှိများနှင့် ဌာနဆိုင်ရာအရာရှိများ တက်ရောက်ကြပြီး ပထမဦးစွာ မွန်ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်နှင်းထွဋ် က မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်နှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး မွန်ပြည်နယ်တရားလွှတ်တော် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဝင်းနိုင်မှ နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှု အစီအစဉ် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်တရားသူကြီး ဒေါ်သင်းသင်းဇော်မှ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်တွင် လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်အား PowerPoint ဖြင့် အသေးစိတ်ရှင်းလင်း ပြောကြားသည်။
ထို့နောက် တက်ရောက်ကြသည့် ဌာနဆိုင်ရာများက သိရှိလိုသည်များကို မေမြန်းရာ မြို့နယ်တရားသူကြီး ဒေါ်သင်းသင်းဇော်မှ ပြန်လည်ဖြေကြားခဲ့ပြီး တရားမမှုအကြောင်း သိကောင်းစရာ၊ စာချွန်တော်အကြောင်း သိကောင်းစရာနှင့် ရာဇဝတ်မှုအကြောင်း သိကောင်းစရာတို့ကို ရှင်းလင်းပြောကြားပြီးနောက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေးအေးမွန်