တန့်ယန်းမြို့နယ်၌ ဒေသခံတိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး

တန့်ယန်း ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ''လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ဆောင်စို့'' ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ဒီဇင်ဘာ ၂၇ ရက်တွင် အမှတ်(၆)ရပ်ကွက်အတွင်းရှိ ဒေသခံတိုင်းရင်းသားများအား ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တန့်ယန်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးခင်မောင်ရွှေနှင့် ဝန်ထမ်းများက ''ပန်းခင်း'' စီမံချက်ဖြင့် အမှတ်(၆) ရပ်ကွက်အတွင်း ကွင်းဆင်း၍ ဒေသခံတိုင်းရင်းသားများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေရာ အခက်အခဲမရှိစေရန် အမှတ်(၆) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်နီနှင့် တာဝန်ရှိသူတို့က လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ပေးမှုတွင် အိမ်ထောင်စုလူဦးရေစာရင်း(၈၄)ခု၊ နိုင်-၃(က) ပြုလုပ်သူ (၁၂၆)ခုနှင့် နိုင်-၆(က) ပြုလုပ်သူ(၁၅၇)ခု စုစုပေါင်း (၂၈၃)ခုတို့အား ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း တန့်ယန်းမြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။

မင်းလွင်ဦး