ရန်ကုန် ဒီဇင်ဘာ ၂၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများအား ဦးစားပေးအုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ အသက် ၁၂ နှစ်အထက် ရှိသူများအား ယနေ့နံနက်ပိုင်းက သန်လျင်မြို့ မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီး၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းအား သန်လျင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ ဦးဆောင်ကာ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီစေတနာ လုပ်အားရှင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ သံဃာတော်များနှင့် သီလရှင်များအား စာရင်းရေးသွင်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများအား ဦးစားပေးအုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိပြီး အသက် ၁၂ နှစ်အထက်ရှိသူများအား မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ ဦးဆောင်ကာ ဆက်လက် ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)