မြောက်ဦး ဒီဇင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း၌ ယာဉ်မတော်တဆမှုများကြောင့် ထိခိုက်သေဆုံးမှုများ မရှိစေရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှ ဦးဆောင်ကာ ယနေ့နံနက် ၉ နာရီခွဲအချိန် က မြို့အဝင်ငွေတောင်ပေါက်တံတားအနီး၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ်(၂၃) ယာဉ်ထိမ်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် လော်ကမူရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က ရန်ကုန်-စစ်တွေ အမြန်လမ်းမကြီးတွင် သွားလာနေကြသော ကုန်တင်ကား မောင်းနှင်သူများ၊ ခရီးသည် မော်တော်ယာဉ်မောင်းနှင်သူများ၊ သုံးဘီးဆိုင်ကယ်၊ နှစ်ဘီးဆိုင်ကယ် နှင့်ထွေလာဂျီ မောင်းနှင်သူများ လေ့လာဖတ်ရှုနိုင်ရန်အတွက် မြို့နယ်ရဲတပ်ဖွဲ့မှ ထုတ်ဝေသည့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း လက်ကမ်းစာစောင်တွင် ပါရှိသော ယာဉ်မောင်းနှင်သူများ လိုက်နာရန် စည်းကမ်းချက်များ၊ အမြန်နှုန်းကန့်သတ်ချက်၊ ကျော်တက်ရန်၊ ကျော်မတက်ရ၊ ဂငယ်ကွေ့ မကွေ့ရ၊ အန္တရာယ်ဖြစ်နိုင်သည် သတိပြုပါစသော အသိပညာပေးဖော်ပြပါရှိသော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ခင်မောင်ထွန်း