တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် နိုင်ငံတော်ဩဝါဒစရိယ ဒေါက်တာဘဒ္ဒန္တ ဓမ္မသီရိ၏ သက်တော်(၉၃)နှစ်ပြည့် ဝိဇာတပူဇာမွေးနေ့ အလှူပွဲကျင်းပ

တာချီလိတ်      ဒီဇင်ဘာ    ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော်၊ အဘိဓဇအဂ္ဂမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ နိုင်ငံတော်ဩဝါဒစရိယ ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ၏ သက်တော်(၉၃)နှစ် ဝါတော် (၇၃)ဝါ ဝိဇာတပူဇာမွေးနေ့ အလှူပွဲကို ယနေ့နံနက်(၆) နာရီက အဆိုပါကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဧည့်ပရိတ် သတ်အပေါင်းက ကျိုင်းတုံမြို့ ဝစီပိတ် ဆရာတော်ဘုရားကြီးနှင့် ဆရာတော်သံဃာတော် များအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပြီး နံနက်(၇)နာရီတွင် ဆွမ်းဆန်စိမ်းလောင်းလှူခဲ့သည်။

ထို့နောက် နံနက်(၉)နာရီတွင် ဆရာတော် အရှင်မြတ်တို့က ကံဇာမြင့် ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့် တော်မူ၍ တက်ရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းတို့မှ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းသည်။ ယင်းနောက် မွန်းလွှဲ (၁)နာရီတွင် ဆရာတော်သံဃာတော်များထံမှ ရေစက်ချအနုမောဒနာ တရားနာကြားပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ သံသရာမှ လွတ်မြောက်ကြောင်း တရားတော် နာကြားခဲ့ကြောင်း သိရသည်။

နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးသည် ကျန်းမာရေးမကောင်းသဖြင့် ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းက မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂)မှတစ်ဆင့် ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့သို့ ပို့ဆောင်ဆေးကုသ နေသဖြင့် ယနေ့မွေးနေ့ပွဲသို့ တက်ရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။

ယာဆေး(ပြန်/ဆက်)