တံတားဦးမြို့တွင် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

တံတားဦး   ဒီဇင်ဘာ  ၂၈

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်းပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ကျင်းပကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘိုမောင်က မသန်စွမ်းသူများသည် စွမ်းနိုင်ပါကြောင်း၊ သို့အတွက်အကြောင့် မသန်စွမ်းသူများကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန်လိုကြောင်း မသန်စွမ်းသူများ လူမှုပတ်ဝန်းကျင်တွင် ပြန်လည်ဝင်ဆံ့ ပေါင်းစည်းနေထိုင်နိုင်ရေး ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ် ချက်များကိုပြောကြားသည်။ ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်လှလှရီက မသန်စွမ်း သူများအခွင့်အရေးဆိုင်ရာအကြောင်း ပြောကြားရာတွင်  ၂၀၁၄-ခုနှစ်အရ သန်းခေါင်စာရင်းအရ မြန်မာ နိုင်ငံတွင်လူဦးရေ  ၅၁ ဒဿမ ၄ သန်းပြီး မသန်စွမ်းသူများမှာ ၂၃ သိန်းရှိပါကြောင်း၊ ကိုယ်အင်္ဂါမသန် စွမ်းခြင်း၊ အကြောအာရုံ မသန်စွမ်းသူနှင့် ဉာဏ်ရည်မသန်စွမ်းသူများရှိပါကြောင်း၊ မသန်စွမ်းသူများနှင့် ပတ်သတ်ပြီး အခွင့်အရေးများဖော်ဆောင်ရန်အတွက် ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၁-ခုနှစ် ဒီဇင်ဘာလ(၇)ရက်နေ့တွင် လက်မှတ်ရေးထိုးထားပါကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ မသန်စွမ်းသူများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်နှင့် မြှင့်တင်ပေး ရန်အတွက် ရည်ရွယ်ပါကြောင်း၊ မသန်စွမ်းသူများအတွက် နိုင်ငံရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ရေးရာစသော နယ်ပယ်အသီးသီးတွင် အခြားသူများနှင့်တန်းတူ ပေါင်းစည်းပါဝင်ရေးအကြောင်း ပါဝင်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးတွင် နားမကြားသောကလေးများအတွက် လူတိုင်းအကျုံးဝင်စေရေး ပညာရေး စနစ်ကို အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းပြီးဆောင်ရွက်လျက်ရှိကြောင်း၊ အမြင်အာရုံချို့တဲ့ သူများအတွက် အထူးပညာရေးကျောင်းဖွင့်လှစ်ရန် လျာထားလျက်ရှိပါကြောင်း၊ နားမကြားသူများနှင့် ဆက် သွယ်မှုလွယ်ကူရန် သင်တန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် နားမကြားသော ကလေးများကျောင်း(၁)ကျောင်းနှင့် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း(၁)ကျောင်း ဖွင့်လှစ်ထားရှိပါကြောင်း သိရသည်။

ရဲတင့်(တံတားဦး)