ရပ်စောက်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် အခြေခံပညာ ကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်ပွဲကျင်းပ

ရပ်စောက် ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ (ထက်၊ လယ်၊ မူ) စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ဇော်ဂျီရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာစီစာကုံးပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ကာ မူလတန်းအဆင့်အား လွတ်လပ်ရေးနေ့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်အား လွတ်လပ်ရေးအစ အမျိုးသားနေ့က ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့်အား လွတ်လပ်ရေး နှင့် လူငယ်တာဝန်ခေါင်းစဉ်ဖြင့်လည်းကောင်း ဖြေဆိုကြကြောင်း သိရသည်။

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲသို့ ရပ်စောက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/ ကျောင်းသူ မူလတန်းအဆင့် (၁၉) ဦး၊ အလယ်တန်းအဆင့် (၁၉) ဦး၊ အထက်တန်းအဆင့်(၂၆)ဦးဖြင့် စုစုပေါင်း ဝင်ရောက် ဖြေဆိုသူ (၆၄) ဦးရှိကြောင်းနှင့် ဆုရှိသည့်ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၄)ရက် လွတ်လပ်ရေးနေ့တွင် ဆုများအသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဦးစီးဌာနမှ သိရသည်။

ဆုမွန်(ပြန်/ဆက်)