သထုံမြို့နယ်တွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

သထုံ ဒီဇင်ဘာ ၂၈

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနခန်းမစုရပ်၌ ပြုလုပ်ခဲ့သည်။

ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သူနာပြုဆရာမများ၊ စေတနာ့ဝန်ထမ်း (Volunteer)များနှင့် တာဝန်ရှိသူတို့က သထုံမြို့အတွင်းရှိ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအပြင် အသက်(၁၈)နှစ် အထက်ပြည်သူများတို့အား စတုတ္ထသုတ် (ဒုတိယအကြိမ်)နှင့် ပဉ္စမသုတ် (ပထမအကြိမ်) ဆက်လက်ထိုးနှံပေးခြင်းတို့ကို သတ်မှတ်အစီအစဉ်များအတိုင်း စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြပြီး ကာကွယ်ဆေးထိုး ကြီးကြပ်အဖွဲ့၀င်များက လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

သထုံမြို့နယ်တွင် အသက် ၁၈ နှစ်ပြည့်ပြီးသူပေါင်း ၁၄၅၃၈၄ ဦးရှိပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့အထိ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူပေါင်း ၈၀၄၅၃ ဦးရှိပြီဖြစ်ရာ လူဦးရေ၏ ၅၅ ရာခိုင်နှုန်းရှိကြောင်း ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးစီးသူ စုစုပေါင်းမှာ ၉၀၄၁၀ ဦး ရှိကြောင်း  မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ခရိုင်(ပြန်/ဆက်)