မော်လမြိုင် ဒီဇင်ဘာ ၂၈
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ရာ လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပရေးကော်မတီနာယက ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၂ ခုနှစ် ၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီများအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ကြစေလိုကြောင်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ကော်မတီ အဖွဲ့ဝင်များက အချိန်မီ ဆောင်ရွက်ပေးကြရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်ကြသည့် အစိုးရအဖွဲ့အဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာ ဌာနအလိုက် ကော်မတီဝင်များက ရှင်းလင်းတင်ပြ ဆွေးနွေးမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
မွန်ပြည်နယ်အနေဖြင့် လွတ်လပ်ရေးနေ့ အခမ်းအနားကို နှစ်စဉ်အောင်မြင်စွာ ကျင်းပလျက်ရှိရာ ယခုနှစ်တွင်လည်း ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခြင်းနှင့် အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကိုလည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များအညီ မြို့နယ်များအလိုက် ကျင်းပဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)