မိုင်းလုံမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါ အသိပညာပေးနှိုးဆော်

မိုင်းလုံ ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၌ ကိုဗစ်-၁၉ ရောဂါနှင့် ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများ ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေး နှိုးဆော် ခြင်းကို ယမန်‌နေ့က မြို့ပေါ်ရပ်ကွက်များအတွင်း Hand Speaker ဖြင့်လှည့်လည်နှိုးဆော်ခဲ့သည်။

အိုမီခရွန်မျိုးကွဲသစ်ရောဂါသည် အိမ်နီးချင်းနိုင်ငံများတွင်လည်း ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိနေရပြီး၊ မိမိတို့နိုင်ငံအတွင်းဝင်ရောက် ကူးစက်မှုမရှိစေရန်နှင့် အဆိုပါရောဂါနှင့် ပတ်သက်၍ အလွန်အမင်းစိုးရိမ် ကြောင့်ကြခြင်းမပြုဘဲ  ပြည်သူလူထုအနေဖြင့်  ပြင်ပမှ ဧည့်သည်များ လက်မခံရန်နှင့် အခြားသူများ ထံသွားရောက်ခြင်းမပြုရန်၊ အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့် (၂၀) ကြာဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်စသည့် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကို လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။

အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)