ချင်းရွှေဟော်မြို့နယ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

ချင်းရွှေဟော် ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ စည်ပင်သာယာရေးဦးစီးဌာန အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာ လှပရေးအတွက် ဆောင်ရွက်လျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၉.၉) ကျပ်သန်းဖြင့် အရှည်(၄၀၀)ပေ ရှိသည့် ကွန်ကရစ်ရေမြောင်း ဖောက်လုပ်ဆောင်ရွက်ခြင်း လုပ်ငန်းအား စည်ပင်သာယာရေး ဦးစီးဌာနမှ မြို့နယ်ခွဲ တာဝန်ခံ ဦးဟိန်းမြတ်ဇော် ဦးဆောင်ပြီး နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ကာ ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် ရာခိုင်နှုန်းပြည့် ပြီးစီးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေမြောင်းအား ရပ်ကွက်(၂) ဘုန်းကြီးကျောင်းလမ်းတွင် ဖောက်လုပ်ခဲ့ပြီး အခြေခံပညာအထက်တန်း ကျောင်းလမ်းနှင့် ဆက်စပ်ကာ မြို့တွင်းသို့သွားရာ ရေမြောင်းနှင့်လည်း ဆက်စပ်လျက်ရှိသည့်အတွက် မြို့ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အထောက်အကူပြုမည် ဖြစ်ကြောင်း သိရှိရသည်။

စည်သူမောင်မောင်