မိတ္ထီလာ ၊ ဒီဇင်ဘာ ၂၈
မိတ္ထီလာမြို့နယ်တွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် ပုံပြောပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ပုံပြောပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးတင်သော်က အမှတ်ပေးစည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ပုံပြောပြိုင်ပွဲဝင်ကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်များက ယှဉ်ပြိုင်ခဲ့ကြရာ အဆိုပါ(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ပုံပြော ပြိုင်ပွဲဝင်တွင် ဆုရရှိသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးတင်သော်နှင့် တာဝန်ရှိသူများမှ ဆုများ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြိုင်ပွဲသို့ တက်ရောက်လာကြသော စာရေးအသင်းဝင်များ၊ ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့် မိဘများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)