တာချီလိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း အိုမီခရွန်ကာကွယ်ရန် အသိပညာပေးနှိုးဆော်

တာချီလိတ် ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေး အတွက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီခွဲက မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။

 ထိုသို့ အသိပေးနိုးဆော်ရာတွင် “ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ကူးစက်ပျံ့နှံ့မှုသည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်း ၊ အိုမီခရွန် မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉နှင့် လုံးဝမတူ  တော့ခြင်း၊ လက်ရှိကာကွယ်ဆေးများ၏ ထိရောက်မှု လျော့ကျနိုင်ခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ် ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့်  ပြည်သူလူထုအနေဖြင့် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲ မသွားမလာခြင်း၊ ပြင်ပထွက်တိုင်း mask တပ်ခြင်း၊ လက်ကို စနစ်တကျ မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်းစသော ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို အလေးထား လိုက်နာပြီးကာကွယ်ကြရန်” လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ယာဆေး(ပြန်/ဆက်)