ရှင်ဗွေယန် ဒီဇင်ဘာ ၂၈
ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီက ပြုလုပ်ကျင်းပလျက်ရှိပါသည်။
ထိုသို့ စာသင်ကျောင်းများတွင် အားကစားပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသား/သူများ ကိုယ်ကာယဖွံ့ဖြိုး တိုးတက်စေရန် ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်၊ အချင်းချင်းစည်းလုံးညီညွှတ်ပြီး ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် လွတ်လပ်ရေး အားတန်ဖိုးထားမြတ်နိုးတတ်စေရန် ရည်ရွယ်၍ ပြုလုပ်ကျင်းပပေးရခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ညိုမှ ပြောကြားသည်။
အဆိုပါ ကျောင်းတွင်းအားကစားပြိုင်ပွဲများတွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား/ သူများအား ကျား/မ မီတာ (၅၀) အပြေးပြိုင်ပွဲ၊ လွန်ဆွဲပွဲ ပြိုင်ပွဲ၊ ထုပ်ဆီးထိုးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဂုံနီအိတ်စွပ်ပြိုင်ပွဲ၊ ပူပေါင်းဖေါက်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသားသူများအား (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ပြီး ဆုများကို မြို့အုပ်ချုပ်ရေးမှူး ဦးလွင်ဦးနှင့် ဌာနဆိုင်ရာများက ပံ့ပိုးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
လင်းသွယ်ဦး(ပြန်/ဆက်)