စစ်တွေမြို့၊ လောကာန္ဒာစေတီတော်ကြီး၌ ကျင်းပသော အသံမစဲမဟာပဠာန်းရွတ်ဖတ် ပူဇော်ပွဲသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တက်ရောက်ပူဇော်

စစ်တွေ  ဒီဇင်ဘာ   ၂၈

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အသံမစဲမဟာပဠာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက လောကာနန္ဒာစေတီတော်မြတ်ကြီး လှိုင်ဂူအတွင်း၌ ကျင်းပရာ  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ တက်ရောက် ဖူးမြော် ပူဇော်ကြသည်။

ရှေးဦးစွာ အသံမစဲမဟာပဠာန်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ကြပြီး မြို့နယ်သံဃနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်၊ စစ်တွေမြို့ ဒက္ခိဏာရာမကျောင်းတိုက်ဆရာတော်၊ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ မေဃိယက ရောင်ခြည်တော်ဖွင့် ဂါထာတော်ဖြင့် သုံးလောကထွဋ်ထား ဗုဒ္ဓဘုရားရှင်အား ပင့်ဆောင် တော်မူကာ ဒက္ခိဏာရာမ ကျောင်းတိုက် စာချဆရာတော် ဘဒ္ဒန္တ ဂန္ဓမာလင်္ကာရက မဟာပဠာန်း တရားတော်နာကြားရန် နတ်ဗြဟ္မာများကို ဖိတ်ကြားသည်။

ဆက်လက်၍ ပြည်နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ စစ်တွေမြို့ဓမ္မသုခ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသောမ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် ဒက္ခိဏာရာ မကျောင်းတိုက်စာချ ဆရာတော် ဘဒ္ဒန္တဓမ္မိက ကရှင်မဟာဗုဒ္ဓဃောသ ရေးသားဖွဲ့ဆိုသော  ပဠာန်းအဠကထာ ပဏာမဂါထာဖြင့် ပဠာန်းကျမ်းတော်ကြီးကို ဂါရဝပူဇာအမှုပြုပြီး ဒက္ခိဏာရာမကျောင်းတိုက်စာချ ဆရာတော် ဘဒ္ဒန္တသူရိယဝံသက ပဠာန်းဒေသနာ ရွက်ဖတ်ပူဇော်ရန် ပဠာန်းအမွှန်းအားဖတ်ကြားသည်။

ယင်းနောက် သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်များက ပဠာန်းပစ္စယုဒ္ဒေသ ပါဠိတော်ကို သံပြိုင်ရွတ်ဖတ်ပူဇော်ကြပြီး အသံမစဲမဟာပဠာန်း ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များသည် စကြာမုနိသွန်းစက်တော်အား သွားရောက်ဖူးမြော်ပြီး စကြာမုနိသွန်းစက်တော် ဘုရားသိမ်တော်၌ အသံမစဲမဟာ ပဠာန်းရွတ်ဖတ်ပူဇော်နေမှုအား ဖူးမြော်ခဲ့ကြသည်။ အသံမစဲမဟာပဠာန်းရွတ်ဖတ်ပူဇော် ၅ ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော် သွားမည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)