ရပ်စောက်မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

 

ရပ်စောက် ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို ဒီဇင်ဘာ၂၇ ရက် ညနေ ၃ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

            ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဖြိုးမင်းက မြို့မဈေးအတွင်းရှိ ဈေးတာဝန်ရှိသူများနှင့် ဈေးသူ/ဈေးသားများအား ဈေးမီးဘေးလုံခြုံရေးအတွက် မီးလောင်မှု မဖြစ်ပေါ်စေရန် သတိပြုမှု နေထိုင်ရမည့် အချက်များ၊ မီးသတ်ဆေးဘူးကို စနစ်တကျ ကိုင်တွယ်အသုံးပြုပုံ၊ ရှေးဦးမီးငြှိမ်း သတ်နည်းစနစ်များနှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ များကို အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်နှစ်စီးဖြင့် မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မီးငြှိမ်းသတ်နည်းဖြစ်သော ရေစိုအဝတ်ဖြင့် အောက်ဆီဂျင်ဖြတ်တောက် မီးငြှိမ်းသတ်နည်းနှင့် မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြု မီးငြှိမ်းသတ်နည်းတို့ကို ဇာတ်တိုက်လေ့ကျင့်ခြင်း၊ လက်တွေ့သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

            အဆိုပါမီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ရာသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းဇော်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်နှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများနှင့် ဈေးသူ/ဈေးသားများ လာရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)