ကျောက်တန်း ဒီဇင်ဘာလ ၂၈
ပြည်သူများစာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကိုနားလည်စေရန်၊ ဆွေးနွေးတတ်သည့် အလေ့အကျင့် ကောင်းများရရှိလာစေရန်နှင့် စဉ်းစားတွေးခေါ်တတ်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ 1 နာရီက ဝါသနာတူကလပ်အသင်းများစုစည်းပြီး စာရေးဆရာ နတ်သျှင် ရေးသားသည့် “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ခင်ဆွေဝင်းက စာဖတ်ဝိုင်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးရာတွင် အနာဂတ်မျိုးဆက်သစ်လူငယ်များအနေဖြင့် မိမိတို့အတွက် အကျိုးရှိမည့် စာအုပ်စာပေများကို လေ့လာဖတ်ရှုကြရန်၊ စာပေမှရရှိသည့် အသိပညာဗဟုသုတများဖြင့် မိမိတို့၏အနာဂတ်ကို ကောင်းမွန်စွာ ပုံဖော်သွားကြရန်၊ စာပေကိုမြတ်နိုးတန်ဖိုးထားတတ်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူကြရန်တို့ကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး Women Club အသင်း အဖွဲ့ဝင် ဒေါ်ခင်စန်းတင့်က “လူငယ်များကို ပျိုးထောင်ပေးပါ”၊ Book Club အဖွဲ့ဝင် ဒေါ်စန်းစန်းကြူက “စာဖတ်ခြင်းသည် အတတ်ပညာ”၊ Youth Club အဖွဲ့ဝင် မနွေးနွေးအိက “ဘဝကိုဆေးရောင် လှလှခြယ်သကြဖို့”၊ မောင်ဒေးဗစ်ဒန်းက“လူငယ်နှင့်အချိန်၏တန်ဖိုး” စသည့်စာအုပ်ပါ အကြောင်း အရာများကိုဆွေးနွေးရာ တက်ရောက်လာသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် (၇၄ )နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စာအုပ်များခင်းကျင်းပြသခြင်းနှင့် နံရံကပ်စာစောင် များ ပြသခဲ့ကြောင်း သိရသည်။
ခင်ဆွေဝင်း