အလုံ ဒီဇင်ဘာ ၂၈
ကျောင်းသားလူငယ်များ လွတ်လပ်ရေးဆိုင်ရာ ဗဟုသုတများကို သိရှိနားလည်စေရန်၊ ဉာဏ်ပညာစွမ်းရည်၊ အနုပညာစွမ်းရည်များ တိုးတက်လာစေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ကျောင်းသား၊ လူငယ်များဖြစ်လာစေရန်အတွက် ရည်ရွယ်ကာ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယမန်နေ့နံနက် (၉း၀၀) နာရီအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာလင်းက လွတ်လပ်ရေးနှင့် ပက်သက်၍ သိကောင်းစရာများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၏ အသက်၊ သွေး၊ ချွေးပေါင်းများစွာဖြင့် လွတ်လပ်ရေး ရရှိအောင်ကြိုးပမ်းဆောင်ရွက်ခဲ့ပုံ၊ ရရှိလာသော လွတ်လပ်ရေးအား အလေးထားတန်ဖိုးထားရန်၊ လွတ်လပ်ရေးမဆုံးရှုံးအောင် ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်းစသည့် သိကောင်းစရာများကို အသိပညာပေး ဟောပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲများကျင်းပရာ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် မူလတန်း ကျောင်းသား၊ ကျောင်းသူ (၈)ဦး၊ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် မူလတန်းကျောင်းသား၊ ကျောင်းသူ(၁၅)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။