မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက် ထားရှိမှုနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မော်လမြိုင် ဒီဇင်ဘာ ၂၈

မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းဆောင်ရွက် ထားရှိမှုနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊   ပြည်နယ် ဝန်ကြီးများနှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က   သက်ဆိုင်ရာ ဌာနများအနေဖြင့်     မီနီဘတ်ဂျက်ကာလ  သတ်မှတ်ချက်များ   အချိန်မီပြီးစီးရေး တွန်းအားပေး ဆောက်ရွက်ကြစေလိုကြောင်း၊   ဌာနဆိုင်ရာများသည် နိုင်ငံတော်၏ ထောက်တိုင်များဖြစ်သည့် အားလျော်စွာ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ပေးရန် လိုကြောင်း၊ ထို့ကြောင့် ဌာနဆိုင်ရာများ အနေဖြင့် မိမိတို့ဌာန၏ ရည်မှန်းချက် တာဝန်များအပြင် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြစေလိုကြောင်း၊    အများပြည်သူ လူထုနှင့် သက်ဆိုင်သည့် ဆောင်ရွက်မည့် လုပ်ငန်းများအား မှန်ကန်မြန်ဆန်စွာ  ဆောင်ရွက် သွားရန်လိုကြောင်း၊   အလားတူ သက်ဆိုင်ရာ  မြို့နယ်များကလည်း ဆောင်ရွက်သည့်  လမ်း၊ တံတား၊ အဆောက်အဦများ၊ အခြားလုပ်ငန်းများ စံချိန်စံညွှန်းမီ ပြီးစီးစေရေး  အထူးကြပ်မတ် ဆောင်ရွက်ကြစေလိုကြောင်း၊  ချောင်းဆုံမြို့နယ်၌   ဒေသထုတ်စက်ရုံစု    လုပ်ငန်းအောင်မြင် ဖြစ်ထွန်းရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြစေလိုကြောင်း လမ်းညွှန်မှာကြားသည်။

ထို့နောက် တက်ရောက်ကြသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ်  ပြည်နယ် ဝန်ကြီးချုပ်က  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သတ်မှတ် ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သည့် ငွေလုံးငွေရင်း လုပ်ငန်းများနှင့် ပတ်သက်၍ အချိန်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး၊  နိုင်ငံတော် ဘဏ္ဍာငွေများ ကျခံသုံးစွဲရာတွင်  ပြည်သူလူထုကို   တိုက်ရိုက်အကျိုးပြုသည့် လုပ်ငန်းများ၊ ဒေသန္တရ ဖွံ့ဖြိုး တိုးတက်ရေးကို အကျိုးပြုသည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)