ကျောက်ဆည်မြို့နယ် အေးမြကြည်လင်ဈေးတွင် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ကျောက်ဆည်  ဒီဇင်ဘာ  ၂၈

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းမီးလောင်မှုမဖြစ်ပွားစေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို လူနေအိမ်များ၊ ဌာနဆိုင်ရာ အဆောက် အဦများ၊ ဈေးများ၊ စက်ရုံ/အလုပ်ရုံများနှင့် စက်သုံဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးပြီး ပညာပေး ဟောပြောခြင်းများ လက်တွေ့သရုပ်ပြဇာတ်တိုက်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီက အေးမြကြည်လင်ဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးခဲ့ပြီး မီးငြှိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးစောလွင်အေးနှင့် သန္ဓေတပ်ဖွဲ့ဝင်များက အေးမြကြည်လင်ဈေးမှ ဈေးတာဝန်ရှိသူများ၊ ဈေးသူ/ဈေးသားများအား မီးလောင်မှု ဖြစ်ပွားခဲ့ပါက ရေစိုအဝတ်ဖြင့် မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူးများအသုံးပြုကာ စနစ်တကျ ကိုင်တွယ် မီးငြှိမ်းသတ်တတ်စေရေးတို့အတွက် လက်တွေ့ဇာတ်တိုက်သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး မီးလောင်မှု ဖြစ်ပွားရခြင်း အကြောင်းအရင်းများနှင့် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အေးမြကြည်လင်ဈေးကြီးသည် (၁၀.၁၅)ဧက ကျယ်ဝန်းပြီး အဝီစိတွင်း(၄)တွင်း၊ မီးသတ်ရေငုတ် (၉)ငုတ်၊ မီးသတ်ရေကန်(၆)ကန်၊ ရေဂါလံ(၃၂၀၀)ဆန့် ရေကန်(၂)ကန်၊ ရေဂါလံ(၁၀၀၀၀)ဆန့် မြေအောက် ရေကန်(၁)ကန်၊ Fire Point (၃)ခု၊ မီးအချက်ပေးကိရိယာ(၃)ခု၊ အရေးပေါ်ထွက်ပေါက်(၇)ပေါက်၊ အမြဲတမ်းလုံခြုံရေးဝန်ထမ်း (၇)ဦး၊ ဈေးဆိုင်ခန်းပေါင်း (၉၆၈)ခန်းနှင့် ဈေးရောင်းချနေသူ (၁၇၅၀)ဦး ရှိကြောင်း ဈေးတာဝန်ခံအရာရှိ  ဦးလှိုင်ဝင်းဆွေက ပြောပြသည်။

သက်မောင်(ကျောက်ဆည်)