ငါ့သရောက် ဒီဇင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့ ဆည်ကျေးရွာတွင် အစဉ်အဆက်လုပ်ကိုင်လျက်ရှိသော ပုန်းရည်ကြီးလုပ်ငန်းမှာ ယခုလိုပွင့်လင်းရာသီကာလတွင် လုပ်ငန်းပိုမိုတွင်ကျယ်၍ ရောင်းအားတိုးတက်ကာ လုပ်ငန်းပုံမှန်လည်ပတ်သူများ အဆင်ပြေကြကြောင်း အဆိုပါကျေးရွာ ပုန်းရည်ကြီးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
ငါ့သရောက်မြို့၊ ဆည်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသော်လည်း ပုန်းရည်ကြီးလုပ်ငန်းကို မိရိုးဖလာ လုပ်ငန်းတစ်ခုအဖြစ် အစဉ်အဆက် လုပ်ကိုင်ကြသူများလည်းရှိပြီး နှစ်ပတ်လည်လုပ်ကိုင်နေကြရကြောင်း သိရသည်။ မိုးရာသီကာလတွင် လုပ်ငန်းအခက်အခဲ အနည်းငယ်ရှိပြီး ယခုလို ပွင့်လင်းရာသီ၌ လုပ်ငန်းပိုမိုတွင်ကျယ်စွာ လုပ်ကိုင်နိုင်ကြသဖြင့် မိုးတွင်းကာလတွင် ပုန်းရည်ကြီး တစ်နေ့ အချိန် (၃၀) ပိသာခန့်သာ ထုတ်လုပ်နိုင်သူပြီး၊ ပွင့်လင်းရာသီတွင် တစ်နေ့ အချိန် ပိသာ(၆၀) ကျော် ထုန်လုပ်နိုင်ကြောင်း သိရသည်။ ပုန်းရည်ကြီးချက်လုပ်ရန်အတွက် ပဲပိစပ်ပဲကိုသာ အသုံးပြုရပြီး၊ လောင်စာအတွက် ထင်းနှင့်မြေပဲခွံတို့ကို အားထားသုံးကြရကြောင်း သိရသည်။ ကျိုချက်ပြီး ရရှိလာသည့် ပုန်းရည်ကြီးများကို ငါးကျပ်သားထုတ်မှစ၍ တစ်ဆယ်သား၊ နှစ်ဆယ့်ငါးကျပ်သား၊ ငါးဆယ်သား၊ တစ်ပိသာထုတ်များအထိ အမျိုးမျိုးထုတ်ပြီး ဈေးကွက်တင် ရောင်းချနိုင်ပြီးဖြစ်ကြောင်းနှင့် တစ်ပိသာလျှင် (၃၀၀၀)ကျပ်မှ (၃၅၀၀)ကျပ်အထိ ရောင်းချကြရကြောင်း၊ ရောင်းချရာတွင်လည်း ညောင်ဦးမြို့၊ ကျောက်ပန်းတောင်းမြို့၊ ပခုက္ကူမြို့များအပြင် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများအထိ တင်ပို့ရောင်းချကြရသဖြင့် လုပ်ငန်းပုံမှန်ဆောင်ရွက်နေသူများ ဝင်ငွေရရှိကာ အဆင်ပြေကြကြောင်း ဆည်ကျေးရွာ ပုန်းရည်ကြီးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။
ဖြိုးဝေ(ပြန်/ဆက်)