မာန်အောင် ဒီဇင်ဘာ၂၇
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် စည်ပင်သာယာစျေးတွင် မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်မှု သရုပ်ပြသခြင်းနှင့် စစ်ဆေးခြင်းများကို ယနေ့ နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့နယ်မီးသတ် ဦးစီးဌာန၊ မီးသတ်ဦးစီးမှူး ဦးထိန်လင်းက မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မီးသုံးစွဲရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ အရေးပေါ်အခြေအနေတွင် မီးငြှိမ်းသတ်ရန် သဲအိတ်၊ ရေအိတ်၊ မီးချိတ်၊ မီးကတ်၊ မီးသတ်ဆေးဘူးများ စနစ်တကျသုံးစွဲရေးနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ အသုံးအဆောင် ပစ္စည်းများထားရှိရေးတို့ကို ရှင်းလင်းဆွေးနွေးပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးဖြင့် စနစ်တကျ ငြှိမ်းသတ်နည်း၊ အဝတ်ကို ရေဆွတ်ဖုံးအုပ်ငြှိမ်းသတ်နည်း၊ ရေဖြင့်ငြှိမ်းသတ် နည်းများကို လက်တွေ့သရုပ်ပြသခဲ့သည်။
အဆိုပါသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးသူရိန်စိုး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်စံသိန်းနှင့် ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်မျိုးမင်းဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စျေးသူ၊ စျေးသားများ တက်ရောက် ခဲ့ကြသည်။
ထို့နောက် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးသူရိန်စိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်စံသိန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထိန်လင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်မျိုးမင်းဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် စျေးအတွင်းရှိ စျေးဆိုင်ခန်းများအား မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူးနှင့် မီးသတ်ကိရိယာများ ထားရှိ/မရှိ စစ်ဆေးဆောင်ရွက်ပြီး မီးဘေးလုံခြုံရေးအတွက် ဆွေးနွေးကြံပြု ခဲ့ကြကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)