ရမ်းဗြဲ ဒီဇင်ဘာ ၂၇
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနမှကြီးမှူး၍ ၂၀၂၂-ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ကို ကြိုဆိုသောအားဖြင့် ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကလေးစာဖတ်ခန်းမှ ကလေးငယ်များအတွက် ဗဟုသုတ တိုးပွားစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ကျောင်းသား/ကျောင်းသူများ အနေဖြင့် စာကြည့်တိုက်သို့ လာရောက်ပြီး စာအုပ်/စာစောင်များကို လေ့လာဖတ်ရှုသည့် အလေ့အထ ကောင်းများ ဖြစ်လာစေရန်နှင့် ယခုကဲ့သို့ ဆေးရောင်ခြယ်ပြုင်ပွဲများမှစ၍ ဆေးရောင်များ မှန်ကန်စွာ ရွေးချယ်တတ်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ် ရခြင်း ဖြစ်ကြောင်းစသည့်တို့ကို ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်နောင်ထွန်းမှ ရှင်းလင်း ပြောကြားပေးသည်။
အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲသို့ ရမ်းဗြဲမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၊ ပုလုပ်တောင်မှ မူလတန်းအဆင့် ကျောင်းသား/ကျောင်သူများမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရှိသည့် ကျောင်းသား/ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)