မိတ္ထီလာ ၊ ဒီဇင်ဘာ ၂၇
မိတ္ထီလာခရိုင်အတွင်းရှိ မိုးနှောင်းချည်မျှင်ရှည်ဝါစိုက်တောင်သူများ ယမန်နှစ်ကထက် ချည်မျှင် ရှည်ဝါ စျေးနှုန်း ပိုမိုရောင်းချရကြောင်း သိရသည်။
ရေချိုကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးနှောင်းချည်မျှင်ရှည်ဝါရွှေတောင်-၁၀ အထူးဇုံ စိုက်ဧက ၅၀ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါအထူးဇုံတွင်ချည်မျှင်ရှည်ဝါ ရွှေတောင် -၁၀ကို စိုက်ဧကသုံးဧကစိုက်ပျိုးထားရှိရာ ယခုနှစ်တွင်ချည်မျှင်ရှည်ဝါရွှေတောင်-၁၀ တစ်ဧက ဝါပိဿာ ၇၀၀ နီးပါးထွက်ရှိပြီး စိုက်ဧက သုံးဧကတွင် ဝါပိဿာ ၂၀၀၀ကျော်ထွက်ရှိသည့်အပြင် စျေးနှုန်းမှာလည်း ယမန်နှစ်က တစ်ပိဿာငွေကျပ် ၁၂၀၀မှ၁၄၀၀ အထိသာရောင်းချရသော်လည်း ယခုနှစ်တွင်ချည်မျှင်ရှည်ဝါ တစ်ပိဿာ ငွေကျပ် ၁၆၀၀မှ၁၇၀၀အထိ ရောင်းချရကြောင်း ရေချိုကျေးရွာ အထူးဇုံစိုက်ဧက ၅၀ မှချည်မျှင်ရှည်ဝါရွှေတောင် -၁၀ စိုက်ပျိုးသူတောင်သူတစ်ဦးထံမှ သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးလက်နေတောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် လယ်ယာလုပ်ငန်းကို အခြေခံလုပ်ဆောင်နေကြသည့် ကျေးလက်နေပြည်သူများ စီးပွားရေးတွက်ချေကိုက်၍ ဒေသနှင့် အဆင်ပြေပြီး အထွက်နှုန်းကောင်းသည့်အပြင် ရာသီဥတုဒဏ်ခံနိုင်ပြီး ဈေးနှုန်းမှာလည်း လျော့နည်းခြင်းမရှိသည့် ဝါသီးနှံကို ရွေးချယ်စိုက်ပျိုးနိုင်စေရန်နှင့် စိုက်ပျိုးဧက များအတွက် လိုအပ်တဲ့ မျိုးစေ့၊ မျိုးကောင်းမျိုးသန့်တွေကို တောင်သူများ နှစ်စဉ် စိုက်ပျိုးနိုင်စေရန် ချည်မျှင် ရှည်ဝါမျိုးစေ့ ထုတ်စိုက်ဧကများနှင့် အထူဇုံစိုက်ဧကများကို မိတ္ထီလာခရိုင်တွင် အကောင်ထည်ဖော်စိုက်ပျိုးလျှက်ရှိသည်။ထိုသို့ဆောင်ရွက်ပေးခြင်းကြောင့် မိတ္ထီလာခရိုင်အတွင်းရှိ ဒေသခံတောင်သူများကအထွက်းနှုန်းကောင်းမွန်သည့် မိုးနှောင်းချည်မျှင်ရှည်ဝါ ရွှေတောင်-၁၀နှင့် ရွှေတောင်-၈ ဝါမျိုးများ စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ စိုက်ပျိုးလျက်ရှိရာ ယခုနှစ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မိုးနှောင်းရာသီတွင် ချည်မျှင်ရှည်ဝါကို မိတ္ထီလာမြို့နယ်တွင် ၆၁၀၄ ဧက၊ မလှိုင် မြို့နယ်တွင် ၄၅၄၁ဧက၊ သာစည်မြို့နယ်တွင် ၆၂၈၆ ဧကနှင့် ဝမ်းတွင်းမြို့နယ် ၅၁၀၆ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)