မိုင်းဆတ် ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘက်စုံသုံးခန်းမ၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် သမိုင်းကြောင်းများ လေ့လာ မှတ်သားနိုင်ရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းသင်ခန်းစာအပြင် အခြားဗဟုသုတများ ရရှိစေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးမှုရရှိ စေရန်ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲနှင့် ကဗျာရွတ်ဆို ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။
အဆိုပါ စာအုပ်စာစောင်ပြပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံကို လေ့လာဖတ်မှတ်နိုင်စေရန် လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် စာအုပ်စာစောင်များနှင့် အခြားဗဟုသုတရရှိစေမည့် သုတ၊ ရသ၊ စာအုပ်စာစောင်များကိုလည်း ခင်းကျင်းပြသခဲ့ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲ တွင် လွတ်လပ်ရေးနေ့နှင့်သက်ဆိုင်သည့် ကဗျာများကို ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်းသိရသည်။
မြင့်မောင်(မိုင်းဆတ်)