မုဒုံ ဒီဇင်ဘာ ၂၇
မွန်ပြည်နယ်တရားလွှတ်တော် မုဒုံမြို့နယ်တရားရုံးမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး တစ်နိုင်ငံလုံးရှိ တရားရုံးများတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည့် နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှု အစီအစဉ် National Case Management Program (NCMP) တရားစီရင်ရေးနှင့်ဆက်စပ်သည့် ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး က မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်နှင့် စပ်လျဉ်း၍ အမှာစကားပြောကြားပြီး မွန်ပြည်နယ် တရားလွှတ်တော် ဒုတိယညွှန်ကြားရေးမှူးက မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်၏ ရည်ရွယ်ချက်၊ ရရှိမည့်အကျိုးကျေးဇူး၊ လုပ်ထုံးလုပ်နည်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မုဒုံမြို့နယ်တရားသူကြီးမှ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်၊ အဓိကလုပ်ငန်းစဉ် (၂)ရပ်၊ အချိန်ကြာမြင့်မှု၊ အမှုစစ်ဆေးနည်းအဆင့်ဆင့်တို့ကို Power Point ဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး အခမ်းနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ရှေ့နေများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်မှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပြီး တရားမမှုအကြောင်း သိကောင်းစရာ၊ စာချွန်တော်အကြောင်း သိကောင်းစရာ၊ ရာဇဝတ်မှုအကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များကို တက်ရောက်လာကြသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ