ဥတ္တရသီရိမြို့နယ်တွင် ကျေးရွာစီမံကိန်းရန်ပုံငွေများလွှဲပြောင်းပေးအပ်

ဥတ္တရသီရိ  ဒီဇင်ဘာ ၂

၂၀၂၁-၂၀၂၂ခု၊ ()လဘဏ္ဍာရေးနှစ်အတွင်း ဥတ္တရသီရိမြို့နယ်အတွင်းရှိ မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်မည့် ကျေးရွာနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ဆောင်ရွက်မည့် ကျေးရွာများသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဥတ္တရခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသန်းဦးမှ စီမံကိန်းနှင့်ပတ်သက်၍ အဖွင့်အမှာ စကားပြောကြား ပြီး ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအွမ်တမ်ဟုန်းမှ စီမံကိန်းအား ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ရန်နှင့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့အား စီမံကိန်း လက်စွဲစာစောင်ပါ အချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်၍ အမှန်တကယ်ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြစိမ်းရောင်စီမံကိန်းဆောင်ရွက်မည့် တောင်ညိုကျေးရွာသို့ ရန်ပုံငွေ ကျပ်သိန်း (၃၀၀)နှင့် ကျေးရွာမတည်ရန် ပုံငွေစီမံကိန်းဆောင်ရွက်မည့် သက်မွေးစုကျေးရွာသို့ ကျပ်သိန်း (၁၀၀)တို့အား လွှဲပြောင်းပေးအပ်ခဲ့ပြီး စီမံကိန်းဆောင်ရွက်ခွင့်ရရှိသည့် ကျေးရွာများမှ တာဝန်ရှိ သူတို့က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)