ရန်ကုန် ဒီဇင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ စီစဉ်တင်ဆက်သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ (အကြို) Talk Show အစီအစဉ်ကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ (အကြို) Talk Show အစီအစဉ်တွင် စာရေးဆရာမ ညွန့်ညွန့် (ကလော)မှ ပထမ/ဒုတိယ/တတိယ မြန်မာနိုင်ငံတော် ဖြစ်ပေါ်လာပုံ၊ နယ်ချဲ့အင်္ဂလိပ်တို့အနေဖြင့် မြန်မာနိုင်ငံ၏ မြေပေါ်မြေအောက် သဘာဝ အရင်းအမြစ် သယံဇာတများကို မတရားရယူလိုစိတ်ဖြင့် တိုက်ခိုက်သိမ်းပိုက်ခဲ့ပုံ၊ တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များနှင့် လူတန်းစားအလွှာပေါင်းစုံတို့မှ သူ့ကျွန်မခံလိုသောစိတ်ဖြင့် ရွံ့ရွံ့ချွံချွံ နယ်ချဲ့အင်္ဂလိပ်အား တွန်းလှန်တိုက်ခိုက်ခဲ့ပုံ၊ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် ခေါင်းဆောင်ကြီးများ၏ အသက်သွေးချွေးများကို စတေးကာ လွတ်လပ်ရေးရယူပေးခဲ့ပုံများ အကြောင်းကို မြို့နယ် အတွင်းရှိ ပြည်သူများနှင့် ကျောင်းသား/ သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး လွတ်လပ်ရေးကို အစဉ်အမြဲတန်ဖိုး ထားတတ်စေရန်အတွက် အသိပညာပေး ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မြို့နယ်အတွင်းရှိ ပြည်သူများ အသိဉာဏ်ပညာ ဗဟုသုတတိုးပွားစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး Talk Show များကို ထုတ်လွှင့်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်