(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရွှေကျင် ဒီဇင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစား ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးလှမင်းသူက (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို အားကစားပြိုင်ပွဲများဖြင့် စည်ကားစွာကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူကလည်း (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် အားကစားများကို ပြောကြားပေးခဲ့သည်။ အဆိုပါ အားကစား ပြိုင်ပွဲများမှာ (၁) ပိုက်ကျော်ခြင်း(အလွတ်တန်း)၊(၂) ပြေးခုန်ပစ်(ကျား+မ)၊ (၃) မီနီမာရသွန် (ကျား+မ)၊(၄) လွန်ဆွဲ(ကျား+မ)၊ (၅) ခေါင်းအုံးရိုက်၊ (၆) ချောတိုင်တက်၊(၇) ဖူဆယ်(ဌာနပေါင်းစုံ) စသည့်အားကစားများကို ကျင်းပယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအနေဖြင့် (၃၁-၁၂-၂၀၂၁) ရက်နေ့ နောက်ဆုံးထားပြီး မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနသို့ လာရောက် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)