သထုံမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်

သထုံ     ဒီဇင်ဘာ      ၂၇

မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဒေါ်ခင်လေးနွယ် က Talk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး သထုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မိုးမိုး က လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းကြီး()ရပ်၊ ကလေးသူငယ်ဥပဒေပါ ကလေးသူငယ် အခွင့်အရေးများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကလေးများခံစားနေရသည့် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အိမ်တွင်းအကြမ်းဖက်မှုများ၊ သက်ငယ်မုဒိန်းမှုဖြစ်စဉ်များနှင့် ကြိုတင်ကာကွယ်ရမည့် အချက်များ၊ ကလေးသူငယ်အခွင့်အရေးနှင့် ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာန၏ ကူညီစောင့်ရှောက်ခဲ့မှုများ၊ မိဘများအနေဖြင့် မိမိတို့၏ ရင်သွေးများ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ကင်းဝေးစေရေး သတိပြုလိုက်နာသင့်သည့်အချက်များ စသည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)