အများပြည်သူ အလုပ်ပိတ်ရက်များအတွင်း ကျိုင်းဖောင်းရေပူစမ်းအပန်းဖြေစခန်းတွင် လာရောက် အပန်းဖြေသူများဖြင့်စည်းကားခဲ့

ကျိုင်းတုံ ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ကျိုင်းဖောင်းရေပူစမ်း အပန်းဖြေစခန်းတွင် ခရစ်စမတ်နှင့် ရုံးပိတ်ရက်များအတွင်း မိသားစုအလိုက် လာရောက် အပန်းဖြေသူများဖြင့် စည်းကားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျိုင်းဖောင်းရေပူစမ်းသည် ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လွယ်လုံကျေးရွာအုပ်စုတွင်တည်ရှိပြီး သဘာဝအလျောက်တည်ရှိသော ရေပူစမ်းတစ်ခုဖြစ်ကာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက အများပြည်သူ အခမဲ့အပန်းဖြေ နိုင်စေရန် အတွက် မွန်းမံပြင်ဆင်ထားရှိမှုများ ဆောင်ရွက်ထားပြီး ဒေသအစားအစာများဖြစ်သည့် ကောက်ညှင်းကင်၊ ငါးအခြောက်ကင်၊ ယိုးဒယား သ‌င်္ဘောသီးထောင်းနှင့် ကောက်ညှင်း ကျည်ထောက်စသည့် ဒေသတိုင်းရင်းသားအစားအစာများ ရောင်းချလျက်ရှိသဖြင့် ယခုနှစ် ခရစ်စမတ်နှင့် အလုပ်ပိတ်ရက်များအတွင်း မိသားစုအလိုက်လာရောက် အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိသည်။

ကျိုင်းတုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူစက်ခံရမှုနှုန်း ကျဆင်းလာသော်လည်း ပြည်သူများ အနေဖြင့် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ သွားလာလျက်ရှိပြီး ယခုကဲ့သို့ ဆောင်းရာသီ ကာလနှင့် အများပြည်သူအလုပ်ပိတ်ရက်များတွင် အဆိုပါကျိုင်းဖောင်းရေပူစမ်းသို့ လာရောက် အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)