စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိ

သီပေါ ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများစာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ရွေ့လျား စာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက သမဝါယမဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာ ဦးစီးဌာနသို့ သွားရောက် ဆောင်ရွက် ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် သီပေါမြို့နယ် သမဝါယမဦးစီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနများသို့ ယခင်ငှားရမ်းပေးထားသော စာအုပ်များအား ပြန်လည် သိမ်းဆည်းပြီး ယခုအပတ်တွင် သုတ၊ ရသစာအုပ်များကို တစ်နေရာလျှင်(၂၅)အုပ်ခန့် အသစ်ပြန်လည် လဲလှယ်ငှားရမ်း ပေးခဲ့ကြောင်းနှင့် ထိုသို့ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို သိရှိစေရန်၊ စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန်နှင့် အလုပ် တာဝန်များကြောင့် မအားမလပ် ဖြစ်နေသူများ၊ အချိန်မရှိ၍ စာအုပ်စာပေများ လာရောက်မငှားရမ်းနိုင်သည့် သူများအတွက် ရည်ရွယ်၍ သွားရောက် ငှားရမ်းပေး ခြင်းဖြစ်ကြောင်း သိရသည်။

ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို သီပေါမြို့နယ် ပြန်/ဆက်ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များသို့ အလှည့်ကျသွားရောက် ငှားရမ်း ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

ခင်လေး (သီပေါ၊ ပြန်/ဆက်)