ပြင်ဦးလွင်မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ပြင်ဦးလွင် ဩဂုတ် ၂၄

မိုးတွင်းကာလများတွင် ပြင်ဦးလွင်မြို့၏မိုးရွာသွန်းမှုသည် အဆက်မပြတ်ရွာသွန်းသဖြင့် မြို့တွင်းလမ်းများကောင်းမွန်စေရန် တာဝန်ရှိသူများနှင့်ဒေသခံပြည်သူများပူးပေါင်း၍ မြေသားလမ်းများနှင့် ကျောက်ခင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို   ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ပြင်ဦးလွင်မြို့သည် ရာသီဥတုကောင်းမွန်သဖြင့် ခရီးသွားပြည်သူများ အလွန်ပင်စိတ်ဝင်စားသော မြန်မာနိုင်ငံ၏ ထူးခြားသည့် တောင်ပေါ်မြို့ကလေးဖြစ်သည်နှင့်အညီ ဒေသအနွေးထည်များထွက်ရှိခြင်း၊ အပန်းဖြေဥယျာဉ်များ၊ တောင်ပေါ်မြေမှာသီးသည့် အသီးအနှံများပေါများခြင်း၊  စိုက်ပျိုးရေးကောင်းမွန်ခြင်းနှင့်  အပူအအေးမျှတသဖြင့်  နှစ်စဉ်နှစ်တိုင်း ခရီးသွားပြည်သူများ လာရောက်လည်ပတ်သွားလာလျက် ရှိကြသည်။

ယခုအခါတွင်  ဒေသခံပြည်သူများ  မိုးတွင်းကာလများတွင် သွားလာမှုအဆင်ပြေစေရန် မြို့အင်္ဂါရပ်နှင့်အညီ မြို့ တွင်းလမ်းများ၊ လမ်းသွယ်များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို စီမံချက်နှင့်အညီ အချိန်မီပြီးစီးအောင် ဆောင် ရွက်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဇော်မျိုးထိုက် (ပြင်ဦးလွင်)