၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဒီဇင်ဘာ   ၂၇

၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဉ်း၍ ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ သာမန်အသုံးစရိတ်များကို ညွှန်ကြားချက်များနှင့်အညီ အသုံးပြုနိုင်ရေး ရေးဆွဲ ဆောင်ရွက်ရာတွင် ငွေလုံး/ ငွေရင်းလုပ်ငန်းများကို ဒေသန္တရစီမံကိန်းတွင် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည့် ဆောင်ရွက်ဆဲလုပ်ငန်းများကို ဦးစားပေးဆောင်ရွက် သွားနိုင်ရေးနှင့် ပြည် ထောင်စုအစီအစဉ်တွင် ပါဝင်သည့် လုပ်ငန်းများအား ပြည်နယ်ရန်ပုံငွေတွင် ပါဝင်မှုမရှိစေရေး စိစစ်ဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ရသုံးမှန်းခြေငွေစာရင်း ရေးဆွဲ ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆွေက ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ရသုံးမှန်းခြေ ငွေစာရင်းဆိုင်ရာနှင့် စပ်လျဉ်း၍ ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ ၏ ရငွေ/သုံးငွေများ၊ သာမန်နှင့် ငွေလုံး/ငွေရင်း ခန့်မှန်းခြေငွေစာရင်းများကို ပါဝါပွိုင့် ပရိုဂျက်တာ ဖြင့် ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက ခန့်မှန်းခြေငွေစာရင်းအပေါ် သုံးသပ်ဆွေးနွေး တင်ပြခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ရသုံး/ မှန်းခြေ ငွေစာရင်းနှင့်ပတ်သက်၍ အတည်ပြု ကြောင်း ဆွေးနွေးဆုံးဖြတ်ခဲ့သည်။

ပြည်နယ်ပြန်/ဆက်