မယ်စဲ့မြို့နယ် လမ်းဆုံကျေးရွာ၌ မြစိမ်းရောင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေမှ သတ္တမအကြိမ် ပြန်လည်ထုတ်ချေးပေး

မယ်စဲ့  ဒီဇင်ဘာ  ၂၇

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြစိမ်းရောင်ကျေးရွာ စီမံကိန်းဖြင့် ဆောင်ရွက်နေသည့် ကျေးရွာများ၌ ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးလျက်ရှိရာ မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေမှ လမ်းဆုံကျေးရွာ အတွက် သတ္တမအကြိမ် ပြန်လည် ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ပုံငွေများ ပြန်လည်ထုတ်ချေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဆော်ရယ်က ကျေးရွာပြည်သူများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ ရန်ပုံငွေများကို ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (VDP) အစီအစဉ်ဖြင့် ကျေးလက်ရေပေးရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် လိုအပ်နေသည့် လုပ်ငန်းများရှိပါက တင်ပြတောင်းဆိုသွားရန် ပြောကြားသည်။

ထို့နောက် ဒုတိယဦးစီးမှူး ဦးငြိမ်းထက်အောင်က လမ်းဆုံကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၂၃ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀ ဦးနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၃ ဦး၊ စုစုပေါင်း ၃၆ ဦးအတွက် ငွေကျပ် ၃၈၁ သိန်းကို ချေးငွေချေးယူသူများ လက်ဝယ်သို့ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်