ထန်းတပင်(ပဲခူး) ဒီဇင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် အိုမီခရွန် (Omicron) အပါအဝင် ကိုဗစ်- ၁၉ ရောဂါ မျိုးကွဲဗီဇပြောင်းရောဂါပိုးများကို သတိပြုကာ မိမိကစ၍ ကာကွယ်ပါ အသိပညာပေးနှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်း များက ယနေ့နံနက်ပိုင်း ဆိပ်ကြီးရပ်ကွက်ရှိ လူစည်ကားရာနေရာများသို့ သုံးဘီး မော်တော်ယာဉ်ဖြင့် လိုက်လံအသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်- ၁၉ရောဂါ ကာကွယ် ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက်ခံယူပါ၊ ကိုဗစ်- ၁၉ရောဂါ ကိုမိမိကစ၍ ဆက်လက်ကာကွယ်ပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ပါ၊ နှာချေ၊ ချောင်းဆိုးလျှင် တံတောင်ဆစ် ကွေးနှင့်အုပ်၍ဆိုးပါ၊ ပြတင်းတံခါးများ ဖွင့်ထားပါ၊ လက်ကိုဆပ်ပြာဖြင့်စက္ကန့်(၂၀) ကြာ ဆေးကြောပါ၊ တတ်နိုင်သမျှ မိမိနေအိမ်တွင်နေထိုင်ပါ၊ မဖြစ်မနေအိမ်ပြင်ထွက်ပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ပါ၊ လူစုလူဝေးရှောင်ပါ၊ သံသယလက္ခဏာခံစားရလျှင် ကျန်းမားရေးဌာနသို့ ချက်ချင်းဆက်သွယ်ပါ၊ စသည့်အချက်များကို ပြည်သူများအားလုံး ဆက်လက်လိုက်နာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)