ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးနှိုးဆော်

ညောင်ဦး  ဒီဇင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင်  ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက် လက်ထိုးနှံပေးလျက်ရှိရာ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ညောင်ဦးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန်ပွားမှု ကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံး အိမ်တွင်သာနေထိုင်ကြရန်၊ ပြင်ပဧည့်သည်များ လက်မခံရန်၊ အခြားသူများထံသို့ သွားရောက်လည်ပတ်ခြင်းမပြုရန်၊ နေအိမ်အပြင်ထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း စနစ်တကျတပ်ဆင်သွားရန်၊ နှာခေါင်းစည်းတပ်ဆင်ထားခြင်းမရှိသူများနှင့် စကားပြောဆိုခြင်း၊ နှာခေါင်းစည်းမတပ်ပဲ ဈေးရောင်းသူများထံမှ ဈေးမဝယ်ယူရန်၊ တစ်ဦးနှင့် တစ်ဦး တပ်နိုင်သမျှခပ်ခွာခွာနေရန်၊ လက်ကိုဆပ်ပြာဖြင့်စက္ကန့် ၂၀ ကြာ မကြာခဏ ဆေးကြောရန်၊ လူစုလူဝေးရှောင်ရှားရန်၊ သက်ကြီးရွယ်အိုများ၊ ဆီးချို၊ သွေးချိုနှင့် နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ကြရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍မပျက်မကွက် ဆေးကုသမှုခံယူကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးလမ်းညွှန်ချက်များကို ပြည်သူအားလုံးက ကိုယ်စီလိုက်နာကြရန် နှိုးဆော်ခဲ့ကြောင်း သိရသည်။

ကိုထိန်၊KPD