စစ်တွေ ဒီဇင်ဘာ ၂၆
စာပေနှင့်မီဒီယာညီအကိုများနှင့် အလှူရှင်စေတနာရှင်များစုပေါင်းပြီး စစ်တွေမြို့နယ်အတွင်းရှိ အသက် ၇၀ နှစ်နှင့်အထက် သက်ကြီးစာရေးဆရာ၊ ဆရာမများအား ပူဇော်ကန်တော့ပွဲကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ ဒီဇင်ဘာလ ၂၅ နံနက်ပိုင်းကစတင်ပြီး အိမ်တိုင်ရာ ရောက် သွားရောက်ပူဇော်ကန်တော့ခဲ့ကြကြောင်းသိရသည်။
စာရေးဆရာကြီး၊ ဆရာမကြီးများ၏ စာပေဂုဏ်၊ ပညာဂုဏ်၊ သမာဓိဂုဏ်များကို လေးစားသော အားဖြင့် ဂါရဝေါစ၊ နိဝါတောစ၊ ပူဇာစမင်္ဂလာတရားများနှင့်အညီ စာပေနှင့်မီဒီယာညီ အကိုများစုပေါင်း ပြီး ပူဇော်ပွဲကျင်းပရခြင်းဖြစ်ကြောင်း၊ ပထမအကြိမ်တွင် ဆရာကြီး၊ ဆရာမကြီးများကို ဖိတ်ကြားပြီး တစ်နေရာတည်းတွင် စုပေါင်းပူဇော်ကန်တော့ပွဲပြုလုပ် နိုင်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု များကြောင့်တစ်ကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများ၏ ကျန်းမာရေးအခြေအနေများကြောင့် တစ် ကြောင်း တတိယအကြိမ်မှ ယခုစတုတ္ထအကြိမ်မြောက်အထိ အိမ်တိုင်ရာရောက်သွားရောက် ပူဇော်ခြင်း ဖြစ်ကြောင်း စာရေးဆရာ လေးဝတီထွန်းစောခိုင်က ပြောကြားသည်။
စစ်တွေမြို့နယ်တွင် အသက် ၇၀ နှစ်အထက် ပူဇော်ခံဆရာကြီး ဆရာမကြီး ၂၇ ဦးရှိရာ အသက် ၉၀ နှစ်နှင့်အထက်တစ်ဦး၊ အသက် ၈၅ နှစ်နှင့် အထက် သုံးဦး၊ အသက် ၈၀ နှစ်နှင့်အထက် ၆ ဦး၊ အသက် ၇၅ နှစ်နှင့် အထက် ၇ ဦးနှင့် အသက် ၇၀ နှစ်နှင့် အထက် ၁၀ ဦးရှိပြီး စာပေနှင့်မီဒီယာညီအကို များက ဆရာကြီး၊ ဆရာမကြီး တစ်ဦးလျင် ပူဇော်ကန်တော့ငွေ ၅၀၀၀၀ ကျပ်စီဖြင့် သွားရောက် ကန်တော့ပူဇော်ခဲ့ကြကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)