မော်လမြိုင်မြို့ ဣစ္ဆာသယ သိဒ္ဓိရှင်လေးကျွန်းသစ္စာရှင် နဂါးမောက်စေတီတော်မြတ်ကြီး ထီးတော်တင် အလှူတော်မင်္ဂလာ အခမ်းအနား မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

မော်လမြိုင်      ဒီဇင်ဘာ           ၂၆

မော်လမြိုင်မြို့၊ ဣစ္ဆာသယ သိဒ္ဓိရှင် လေးကျွန်းသစ္စာရှင်   နဂါးမောက်  စေတီတော်မြတ်ကြီးအား ထီးတော်တင်  အလှူတော် မင်္ဂလာအခမ်းအနားကို  ယနေနံနက်ပိုင်းက  ကျင်းပခဲ့ရာ   မြစေတီ စာသင်တိုက်မှဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဏိတ ဝိနယပါဠိ ပါရဂူ ဘဒ္ဒန္တဝိမလပုဒ္ဓိနှင့်    ပင့်ဖိတ်တော်မူသော  ဆရာတော်ကြီး(၇၂)ပါး၊  မွန်ပြည်နယ်ဝန်ကြီးချုပ်   ဦးဇော်လင်းထွန်း၊  အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့်  စေတနာရှင် ၊ အလှူရှင်များ တက်ရောက်ကုသိုလ်ယူကြသည်။

အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို၍ ငါးပါးသီလခံယူကာ ဖွင့်လှစ်ခဲ့ပြီး သံဃာတော်များအား အလှူရှင် အဂ္ဂမဟာသီရိ သုဓမ္မမဏိဇောတဓရဦးလှထွန်းမိသားစု(ကိုလှထွန်းငရုတ်သီး မှုန့်လုပ်ငန်း) မှ စိန်ဖူးတော်မြတ်အား ဆပ်ကပ်လှူဒါန်းခြင်း ၊ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးတို့က ငှက်မြတ်နားတော်နှင့် လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းတို့အတွက် ဆရာတော်ကြီးများမှ သြဝါဒဆုတောင်းစကား ချီးမြှင့်ပေး၍ လှူဒါန်းမှု အစုစုတို့ကို ရေစက် သွန်းချ အမျှပေးဝေသည်။ 

ထို့နောက် စိန်ဖူးတော်မြတ်နှင့် ငှက်မြတ်နားတော်အား ပရိတ်သတ်အပေါင်းဖူးမျှော်ကြည်ညိုနိုင်ရန်  စေတီတော်အား  လက်ယာရစ် ၃  ရစ်လှည့်လည်ပူဇော်ခံ၍  မင်္ဂလာအချိန်တွင် ရထားပျံဖြင့် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တိုအား တင်မြှောက် ကပ်လှူ ခဲ့ကြပြီး   ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းပေးခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း