ဒေသပေါက်နွားအများစုတွင် အရေပြားအကြိတ်ရောင်ရောဂါဖြစ်ပွား၍ နွားဈေးနှုန်းများကျဆင်းနေ

ချောင်းဆုံ  ဒီဇင်ဘာ ၂၆

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင်  ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ကာလအတွင်းမှ စတင်၍ နွားအရောင်းအဝယ်များ ရပ်တန့်နေပြီး ယခုချိန်တွင် နွားအများစုမှာ အရေပြားအကြိတ်ရောင် ရောဂါဖြစ်ပွားနေ၍ အခြားဒေသမှ ဝယ်သူများ မရှိခြင်းတို့ကြောင့် နွားဈေးနှုန်းကျဆင်းနေရကြောင်း ဒေသခံ အိမ်တွင်းတစ်နိုင်တစ်ပိုင် နွားမွေးသူများထံမှ သိရသည်။
"ယခုတစ်လော မှာတော့ နွားတွေမှာ အရင်က မဖြစ်ဘူးတဲ့ ရောဂါတွေဖြစ်နေတယ်၊ တစ်ချို့ဆို တိရစ္ဆာန်ကုသရေးဆရာဝန်တွေ နဲ့ဆေးထိုးတာတွေတော့ရှိပြီး နွားတွေသေဆုံးတာတွေလဲရှိနေတော့ ဘယ်သူမှ နွားဝယ်သူတွေမရှိကြဘူးလေ၊ ရောင်းမယ်ဆိုရင်တောင် ဈေးတန်းက အရင်လောက်မရတော့ဘူး ဈေးကထက်ဝက်လောက်ကျတာတွေ နဲ့ရင်ဆိုင်နေရတာပါ" ဟု နွားမွေးမြူသူ ဦးတင်အေးထံမှ သိရသည်။

"နွားတွေမှာအရင် တစ်လ နှစ်လ လောက်ကစပြီးတော့ အရေပြားအကြိတ်ရောင်ရောဂါလို့ ပြောရမှာပေါ့ ကျေးရွာတွေမှာ တော်တော်များများဖြစ်နေတာတွေ့ရတယ်။ ကာကွယ်ဆေးတော့ မရှိဘူး ရောဂါအစဖြစ်နေတဲ့အချိန်မှာတော့ ပိုးသတ်ဆေးတွေထိုးပြီးကာကွယ်လို့တော့ရပါတယ်"ဟု မြို့နယ် မွေး/ကု ဌာနမှ မြို့နယ်ဦးစီမှူးဒေါက်တာနွဲ့နွဲ့ရီ ကပြောသည်။

အဆိုပါရောဂါများဖြစ်ခြင်းကြောင့် နွားအရောင်းအဝယ်ထိုင်းနေခြင်း၊ ကိုဗစ်ကာလအတွင်း ပွဲ လမ်းသဘင်များ မရှိခြင်းတို့ကြောင့် နွားအရောင်းအဝယ်မရှိခြင်းဖြစ်ကြောင်း၊ ယခင်ကာလ မျိုးကောင်း မျိုးသန့်နွားပေါက် ဈေးမှာ တစ်ကောင်လျှင် ငွေကျပ်သိန်း(၂၀)မှ သိန်း(၁၀၀)ကျော်ထိ ရှိကြောင်း၊ ယခုအခါ ဒေသပေါက်ဈေး နွားမျိုးသန့် ဈေး(၃၀)တန်းမှာ (၁၅)သိန်းလောက်သာရှိကြောင်း သိရသည်။

ချောင်းဆုံ