ပုဏ္ဏားကျွန်းမြို့၌ ပထမအကြိမ်မြောက် စာပေဟောပြောပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ပုဏ္ဏားကျွန်း   ဒီဇင်ဘာ   ၂၆

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ လင်းရောင်ခြည် ဖောင်ဒေးရှင်းမှကြီးမှူးကျင်းပသော ပထမ အကြိမ်မြောက် စာပေဟောပြောပွဲကို ယမန်နေ့၊ ညနေ(၇)နာရီက ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်း ရပ်ကွက်၊ အခြေခံပညာမူလတန်း(လွန်)ကျောင်းဝင်းအတွင်း၌ စည်ကားသိုက်မြိုက် စွာကျင်းပခဲ့ သည်။

ရှေးဦးစွာ စာပေဟောပြောပွဲဖြစ်မြောက်ရေးကော်မတီ၊ လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ ဒု-ဥက္ကဋ္ဌ မလှဌေးတင်က စာပေဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားပြီး၊  ဖောင်းဒေးရှင်းအတွင်းရေးမှူး မောင်ငြိမ်းထွန်းဝင်းက  အသင်း၏ အနာဂတ်ရည်မှန်းတို့ကို ရှင်းလင်းပြောကြားကာ    စာပေဟောပြောပေးမည့် စာရေးဆရာတို့အား  တစ်ဦးချင်း မိတ်ဆက်ပေးခဲ့သည်။

ထို့နောက် စာရေးဆရာ စစ်တွေ ညိုသန့်က “ကျွန်းတွင် ဇမ္ဗူ လူတွင် ရခိုင်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာ ဗျာလာခိုင်က “မြူနဲ့ကျစ်တယ် ကမ္ဘာ” ခေါင်းစဉ် စသည်တို့ ဖြင့် သုတ၊ ရသ၊ ဟာသများစုံလင်စွာဖြင့် အားပါးတရ ဟောပြောပေးခဲ့ကြပြီး၊ လင်းရောင်ခြည် ဖောင်ဒေးရှင်း လူငယ်အသင်းမှ အမှတ်တရ လက်ဆောင်ပစ္စည်းများအား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ပုဏ္ဏားကျွန်း(ပြန်/ဆက်)