ပုဂံမြို့သစ်ဈေးကြီး မီးဘေးလုံခြုံရေး စစ်ဆေး ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်

ညောင်ဦး ဒီဇင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံနယ်မြေရှိ မြို့နယ်စီပင်သာယာရေးအဖွဲ့ပိုင် ပုဂံမြို့သစ်ဈေးကြီး မီးဘေးလုံခြုံရေးအတွက် ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင် ဦးဆောင်သော ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သော မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပုဂံနယ်မြေမီးသတ်စခန်းတာဝန်ခံ ဦးဥက္ကာ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ပုဂံမြို့သစ်ဈေးကြီးအတွင်း လျှပ်စစ်မီးသုံးစွဲမှု အခြေအနေများ၊ ဈေးဆိုင်ခန်းများလိုက် မီးသတ်ဆေးဗူး ချိတ်ဆွဲထားရှိမှု အခြေအနေများ၊ ရေရရှိရေးစီစဉ် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အသင့်တပ်ဆင်ထားသော မဏိစည်သူ ဈေးပိုင် အပေါ့စားမီးသတ်စက်များ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိနှင့် စွမ်းအားပြည့် အသုံးပြုနိုင်မှု ရှိ/မရှိ၊ အခြေအနေများ၊ မီးသတ်ယာဉ် ဝင်ထွက်သွားလာနိုင်မှု အခြေအနေများနှင့် မီးသတ် ရေတိုင်ငုတ်များ ထားရှိမှုအခြေအနေတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦနန်းတင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်မြင့်နှင့် စည်ပင်သာယာရေး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးအောင်မင်းနှင့် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် ၈နာရီချိန်က လှည့်လည်စစ်ဆေး၍ လိုအပ်သည်များ အကြံပြုဆွေးနွေးသည်။

ထို့နောက် ခရိုင်ဦးစီးမှူး ဦးထက်အောင်မှ တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ဈေး သူ/ဈေးသားများနှင့် ဈေးနှင့်ပတ်သတ်၍ တာဝန်ရှိသူတို့အား မီးဘေးကြိုတင်ကာကွယ် ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ မီးသတ်ဆေးဗူး ထိန်းသိမ်းထားသိုနည်းလမ်းနှင့် လက်တွေ့ ကိုင်တွယ်အသုံးပြုခြင်းတို့အား ရှင်းလင်းပြသ၍ မီးလောင်မှုအား လက်တွေ့ မီးငြိမ်းသတ်ခြင်းတို့အား ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်ဦးဆောင်သော ခရိုင်/မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များ၊ ပုဂံနယ်မြေမီးသတ်တပ်ဖွဲ့ဝင်များ၊ ပုဂံရန်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြိမ်းသတ် ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် လက်တွေ့မီးငြိမ်းသတ်ရေး သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခြင်းတို့အား ဆက်လက်စုပေါင်း လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

ကိုထိန် KPD